သမိုင်းအကျဉ်း

၁၉၈၃-၁၉၉၃ ဆေးတက္ကသိုလ်မန္တလေးတွင် ၁၀နှစ်ကြာမျှ ပညာအတူတကွသင်ယူခဲ့ကြသော သူငယ်ချင်းများ၏ ပထမအကြိမ် အာစရိယပူဇော်ပွဲကို ၂၀၀၈ခုနှစ်တွင်မန္တလေးမြို့၌ကျင်းပခဲ့ပါသည်။၁၉၉၃ ခုနှစ်ဘွဲ့ရပြီးသည့်အချိန်မှစ၍ ၁၅နှစ်ကြာမျှ ကွဲကွာနေကြသော သူငယ်ချင်းများသည် မိမိတို့၏ရောက်ရှိရာ နေရာဒေသအသီးသီး၊တာဝန်ဌာနအသီးသီး၊ ဘ၀အခြေအနေအသီးသီးတို့မှ မဖြစ်ဖြစ်အောင် ကြိုးစား၍ အာစရိယပူဇော်ပွဲနှင့် သူငယ်ချင်းများတွေ့ဆုံပွဲသို့ တက်ရောက် ခဲ့ကြသည်။ မည်မျှပင် အချိန်ကာလကြာမြင့်စွာ ကွဲကွာနေကြသော်လည်း ၁၀နှစ်တာကာလအတွင်း အမိဆေးတက္ကသိုလ်၌ ညီရင်းအစ်ကို မောင်ရင်းနှမပမာ ချစ်ခင်ပျော်ရွှင်စွာဖြင့် ဖြစ်တည်ခဲ့သော သံယောဇဉ် မေတ္တာတရားတို့ကြောင့် ဤပွဲသည် မျှော်မှန်းထားသည်ထက် အဆပေါင်းများစွာ ပျော်ရွှင်ဖွယ် ကြည်နူးဖွယ်ဖြစ်ခဲ့၏။ ဤပျော်ရွှင်ကြည်နူးဖွယ်တို့ကို ယခုထက်ပိုမို ခိုင်မြဲစေသော၊ ရေရှည်တည်တံ့စေသော သံယောဇဉ် မေတ္တာအိမ်ကြီးအဖြစ် ထာဝရတည်ရှိစေလိုသောဆန္ဒသည် သူငယ်ချင်း တိုင်း၏ နှလုံးသားရင်ဝယ် ငြိတွယ်ပေါ်ပေါက်လာကြသည်။

၁၉၈၃-၁၉၉၃ ဆေးတက္ကသိုလ်(မန္တလေး)သူငယ်ချင်းများသည် ထူးခြားသောအရည်အချင်း၊ထက်မြက်သောအတွေးအခေါ်၊ ကြီးမားသောရည်မှန်းချက်၊ သန့်ရှင်းသော နှလုံးသားတို့ကို ပိုင်ဆိုင်ထားသူများဖြစ်ကြသည်။ဆေးတက္ကသိုလ်တွင် ၁၀နှစ်တာကာလ ပညာသင်ယူခဲ့ကြသော သံယောဇဉ် ခင်မင်မှုတရားသည်ကား အများနှင့်မတူ တမူထူးခြားသည့်အနေအထားတစ်ခုဖြစ်သည်။ ပထမအကြိမ် ဆရာကန်တော့ပွဲတွင် သူငယ်ချင်းများအားလုံး၏ စိတ်ဆန္ဒအတိုင်း နောင်အရှည် တည်တံ့ခိုင်မြဲသည့် သူငယ်ချင်းများ၏ သံယောဇဉ်တရားဖြင့် လူသားအားလုံး၏အကျိုးကို ထူးခြားစွာဆောင်ရွက် အကောင်အထည်ဖော်နိုင်ရေးအတွက် ပရဟိတအသင်းအဖွဲ့တစ်ခုကိုထူထောင်သွားကြရန် သဘောတူခဲ့ကြပါသည်။ မိမိတို့၏လုပ်ငန်းတာဝန်များဖြင့် မအားလပ်သည့်ကြားမှ သူငယ်ချင်းများသည် အကြိမ်ကြိမ် ညှိနှိုင်းစည်းဝေးတိုင်ပင်ခဲ့ကြပြီး အနန္တမြန်မာ့မေတ္တာဖောင်ဒေးရှင်း ကို ၂၀၁၁ခုနှစ် ဇွန်လ ၁၁ရက်၊ မြို့တော်ဆေးရုံ(မန္တလေး)၌ ကျင်းပသော အစည်းအဝေးမှ ဆုံးဖြတ်အတည်ပြု ထူထောင်ခဲ့ကြပါသည်။

ဆက်လက်၍ အနန္တမြန်မာ့မေတ္တာဖောင်ဒေးရှင်းအား တရားဝင်အဖွဲ့အစည်းတစ်ခု ဖြစ်လာစေရေးအတွက် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြလျှောက်ထားခဲ့ရာ ၂၀၁၃ခုနှစ် ဩဂုတ်လ ၁၆ရက်နေ့တွင် အသင်းအဖွဲ့များဖွဲ့စည်းခြင်းဆိုင်ရာဥပဒေအရဖွဲ့စည်းခွင့်လက်မှတ်ကို ထုတ်ပေးခဲ့ပါသည်။ အနန္တမြန်မာ့မေတ္တာဖောင်ဒေးရှင်းအဖွဲ့၏ မှတ်ပုံတင်လက်မှတ်အမှတ်သည် ၂၁၂၀ ဖြစ်ပြီး ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့ အထိ အတည်ဖြစ်ပါသည်။